ဒေါသထွက်နေချိန် ခန္ဓာကိုယ်မှာ ဘာတွေဖြစ်ပျက်နေလဲ
တစ်ခါတလေမှာ ကိုယ့်စိတ်ကို ပြေလျော့သွားစေဖို့ ဒေါသထွက်လိုက်တာ ဆိုးရွားလွန်းတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကိုယ့်ရဲ့ သဘာဝကိုက တစ်ချိန်လုံး ဒေါသထွက်နေရင်တော့ ကိုယ့်ရဲ့ ခန္ဓာကိုယ်နဲ့ ကျန်းမာရေးအတွက် ဆိုးကျိုးတွေ ဖြစ်လာနိုင်တယ်ဆိုတာကိုတော့ သတိပြုသင့်ပါတယ်။
ဒီလိုမျိုး ဒေါသထွက်နေချိန်မှာ ခန္ဓာကိုယ်မှာ ဘာတွေပြောင်းလဲ ထိခိုက်သွားလဲဆိုတာကို ပြောပြပေးရမယ်ဆိုရင် -
၁။ နှလုံးရဲ့ လုပ်ဆောင်အားကို ထိခိုက်စေတယ်။
များသောအားဖြင့် ဒေါသထွက်ပြီဆိုရင် နှလုံးခုန်မြန်ပြီး ရင်ဘတ်အောင့်လာတဲ့ ဝေဒနာကို ခံစားဖူးကြမှာပါ။ ဒေါသထွက်လိုက်တဲ့အခါ ခန္ဓာကိုယ်ရဲ့ သွေးခုန်နှုန်း၊ အသက်ရှူနှုန်းတွေ အဆမတန် မြန်လာသလို နှလုံးကလည်း ပုံမှန်ထက် အလုပ်ပိုလုပ်ရပြီး ဝန်ပိသွားစေပါတယ်။ ဒီလိုနဲ့ ကြာလာရင် နှလုံးအားနည်းတာ၊ နှလုံးအမောဖောက်တာ၊ အသက်ရှူရပ်သွားတာ၊ ရုတ်တရက် တက်သွားတာအပြင် နှလုံးရောဂါအထိပါ ရလာနိုင်ပါတယ်။
၂။ ကိုယ်ခံအားစနစ် ထိခိုက်သွားတယ်။
ဒေါသထွက်တဲ့အခါ ခန္ဓာကိုယ်ကနေ Cortisol လို့ ခေါ်တဲ့ စိတ်ဖိစီးမှုဟော်မုန်းတွေ အများအပြား ထွက်ရှိလာပြီး Stressed ဖြစ်နေတဲ့ အခြေအနေတစ်ခုကို ရောက်သွားပါတယ်။ စိတ်ဖိစီးမှုဟော်မုန်းတွေဟာ ကိုယ်တွင်းအင်္ဂါတွေရဲ့ လုပ်ဆောင်အားကို ကျဆင်းစေသလို၊ ဇီဝကမ္မဖြစ်စဉ်တွေကိုလည်း နှေးကွေးစေတယ်။ ဒါတင်မကသေးဘဲ၊ ကိုယ်ခံအားစနစ်ပါ ကျဆင်းစေလို့ အလွယ်တကူ ဖျားနာတာ၊ ခန္ဓာကိုယ်ထဲ ဝင်လာတဲ့ ရောဂါပိုးတွေကို ကောင်းကောင်းမတိုက်ထုတ်နိုင်တော့ဘဲ ဝေဒနာ ပိုခံစားရနိုင်ပါတယ်။
၃။ စိတ်ကျန်းမာရေးပြဿနာ ပိုဆိုးလာစေတယ်။
များသောအားဖြင့် ဒေါသကြီးသူတွေမှာ Negative ဖြစ်နေတဲ့ စိတ်အခြေအနေတွေကို အများအပြား တွေ့ရသလို နဂို စိတ်ကျန်းမာရေးပြဿနာ ရှိပြီးသူတွေမှာလည်း ထွက်နေတဲ့ ဒေါသကြောင့် ပိုဆိုးလာတတ်ပါတယ်။ အထူးသဖြင့် စိတ်ကျရောဂါ၊ စိုးရိမ်ပူပန်လွန်ကဲတတ်သူတွေမှာ ဒေါသစိတ်ကြောင့်ပဲ ကိုယ့်ရဲ့ တွေးခေါ်နိုင်မှုစွမ်းရည်တွေ ကျဆင်းလာပြီး အကောင်းမြင်စိတ်တွေ နည်းသွားရင်း အရာရာကို အဆိုးမြင်ရာကနေ ပိုပိုဆိုးလာနိုင်ပါတယ်။
၄။ အဆုတ်ကိုလည်း ထိခိုက်စေလာစေပါတယ်။
ဆေးလိပ်သောက်တာလိုပဲ ဒေါသထွက်တာက အဆုတ်ကို ထိခိုက်စေတယ်ဆိုတာ သင်သိပြီးပါသလား? အပေါ်မှာ ပြောခဲ့သလိုပါပဲ၊ ဒေါသထွက်နေတဲ့သူတစ်ယောက်က ပုံမှန်ထက် အသက်ရှူနှုန်း၊ နှလုံးခုန်နှုန်း မြန်လာတဲ့အခါ အဆုတ်ကနေ ပုံမှန်ထက် အလုပ်ကို ပင်ပင်ပန်းပန်း အလုပ်လုပ်ရသလို အသက်ရှူပုံမှန်မဟုတ်တဲ့ ပြဿနာတွေ ပိုမိုဖြစ်လာနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး။ အသက်ရှူလမ်းကြောင်း ပိတ်ဆို့တာ၊ အသက်ရှူလမ်းကြောင်း ရောင်ရမ်းတာ စတဲ့ ပြဿနာတွေကိုလည်း ဖြစ်စေနိုင်ပါသေးတယ်။
၅။ Inflammation ကို ပိုဆိုးရွားစေပါတယ်။
စိတ်ဖိစီးမှုဟော်မုန်းတွေ များလာတဲ့အပြင် ခန္ဓာကိုယ်အတွင်း သွေးစီးဆင်းမှုတွေ များလာတာကြောင့် Inflammation လို့ ခေါ်တဲ့ နီရဲရောင်ရမ်းတဲ့ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ Inflammation ဖြစ်လာတာနဲ့အမျှ ကိုယ်တွင်းအင်္ဂါတွေ အလုပ်လုပ်မှု နှောင့်နှေးစေသလို နာကျင်ကိုက်ခဲမှုကိုလည်း ပိုဆိုးစေတယ်။ ဒါ့အပြင် လူကိုလည်း သက်သောင့်သက်သာမဖြစ်စေဘဲ ကိုက်ခဲမှုဝေဒနာတစ်မျိုးကို ခံစားရစေပါတယ်။
၆။ လူ့သက်တမ်းကို တိုစေပါတယ်။
ဒေါသထွက်တဲ့အခါ ကိုယ်ခံအားစနစ်တင်မကဘဲ ကိုယ်တွင်းအင်္ဂါတွေအားလုံးကို ထိခိုက်ဆုတ်ယုတ်စေတာဖြစ်တဲ့အတွက် အချိန်ကြာလာတာနဲ့အမျှ ကျန်းမာရေးထိခိုက်ပြီး အသက်အန္တရာယ်ကို ထိခိုက်စေနိုင်ပါတယ်။ ဒါ့အပြင် ဒေါသထွက်ခြင်းကြောင့် နောက်ဆက်တွဲအနေနဲ့ နှလုံး၊ သွေးတိုးရောဂါ၊ အာရုံကြောဆိုင်ရာ ရောဂါတွေ၊ ဇီဝကမ္မ ဖောက်လွဲဖောက်ပြန်ဖြစ်ခြင်း၊ စိတ်ကျန်းမာရေးပြဿနာတွေပါ တွဲဖက်ဖြစ်လာနိုင်တာကြောင့် ကိုယ့်အတွက် ဘာအကျိုးမှ မရှိနိုင်ပါဘူး။
ဒီအတွက် တစ်ခါတလေ စိတ်ကိုပြေပျောက်စေဖို့ ဒေါသထွက်သင့်တယ်ဆိုရင်တောင် ပုံမှန် ဒေါသထွက်လေ့ရှိသူတွေအနေနဲ့ ကိုယ့်ဒေါသကို ဖြေဖျောက်ဖို့၊ ထိန်းချုပ်ဖို့လုပ်တာ အကောင်းဆုံးဖြစ်မှာပါ။
ရဲမျိုးမြတ်